စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၏ သမိုင်းကြောင်း

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၏ သမိုင်းကြောင်း

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်(စနစ်ဟောင်း)အချိန်ကာလတွင် ဗြိတိသျှတို့၏ စနစ်အတိုင်း စစ်ကိုင်းတိုင်းကို စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကသာခရိုင် အထက်ချင်းတွင်းခရိုင်၊ အောက်ချင်းတွင်းခရိုင်နှင့် နာဂတောင်တန်းခရိုင်ဟူ၍ ခွဲခြားသတ်မှတ်ပြီး ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီး၊ ရာဘက်ခရိုင်တရားမနှင့် ရာဘက်စက်ရှင်တရားသူကြီး၊ နယ်ပိုင်တရားမနှင့် ရာဘက်ရာဇဝတ်တရားသူကြီး၊ မြို့နယ်တရားမနှင့် ရာဘက်ရာဇဝတ်တရားသူကြီးများ ခန့်အပ်၍ တရားမမှုများနှင့် ရာဇဝတ်မှုများကို စစ်ဆေးကြားနာခဲ့ပါသည်။ နာဂတောင်တန်းခရိုင်အတွက် ခရိုင်ဝန်အား စက်ရှင်တရားသူကြီးအာဏာပေးအပ်ပြီး လူသတ်မှုကဲ့သို့သော ရာဇဝတ်မှုကြီးများကို ကြားနာစစ်ဆေးစေခဲ့ပါသည်။

ယခင် စစ်ကိုင်းတိုင်းတရားရုံးသည် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်တွင်တည်ရှိပါသည်။ အရှေ့လားသော် မြို့တော်ခန်းမ၊ အနောက်လားသော် တိုင်းသစ်တောရုံး၊ တောင်လားသော် ရုံးလမ်း၊ မြောက်လားသော် ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးနှင့် တိုင်းဥပဒေရုံး၊ နယ်မြေ(၄)ရပ်အတွင်းတည်ရှိပြီး မြေဧရိယာအကျယ်အဝန်းမှာ ၁.၂၀ ဧက ရှိပါသည်။ အဆောက်အဦအမျိုးအစားမှာ တစ်ထပ်အုတ်တိုက်၊ အုတ်ခင်း၊ အုတ်ကာ၊ အုတ်ကြွပ်မိုးဖြစ်ပါသည်။ အဆောက်အဦမြေအကျယ်အဝန်းမှာ ၉၁၄၄ စတုရန်းပေရှိပြီး     ၁၉၂၄ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အဆောက်အဦဖြစ်ပါသည်။

ယင်းနောက် စစ်ကိုင်းတိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၆-၇-၂၀၀၄ ရက်စွဲပါစာအမှတ်၊ ၅/၄၃-၅၀(၂၆၀၁)/ဦး-၆ အရ စစ်ကိုင်းတိုင်းဒေသကြီးတရားရုံးအား မုံရွာမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

ဤအဆောက်အဦကို ၂၀၀၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး စုစုပေါင်း ၄၅၅၈၀၀၀၀/-ကျပ် (ကျပ်လေးရာငါးဆယ့်ငါးသိန်းရှစ်သောင်းတိတိ) ကုန်ကျခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးဖွင့်ပွဲအခမ်းအနားကို ၄-၃-၂၀၀၇ ရက်နေ့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

ယခု စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်သည် စစ်ကိုင်းတိုင်းဒေသကြီးတရားရုံး၏ အဆောက်အဦများကို တိုးချဲ့ဆောက်လုပ်ပြီး ဆက်လက်ဖွင့်လှစ်ခဲ့၍ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ကွင်းအမှတ်(၄/၃)၊ ဦးပိုင်အမှတ် ၄၅၊ လောင်ဂျီကျူ ၉၅.၁၇ နှင့် လတ္တီတွဒ် ၂၂.၁၃ တွင် တည်ရှိပါသည်။ မြေဧရိယာ အကျယ်အဝန်းမှာ ၂.၉၉၆ ဧက ရှိပါသည်။

ပရိဝုဏ်အကျယ်အဝန်းမှာ အရှေ့ဘက် ပေ ၄၀ လမ်းခြား၍ ပြည်သူ့ဆောက်လုပ်ရေးရုံး၊ အနောက်ဘက် ပေ ၄၀ လမ်းခြား၍ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ တောင်ဘက် ပေ ၄၀ လမ်းခြား၍ ကိုယ်ပွားသတင်းစာတိုက်၊ မြောက်ဘက်တွင် စည်သူလမ်းတို့အလားလေးရပ်အတွင်းတည်ရှိပါသည်။