မုံရွာ ဇန်နဝါရီ ၁၅
(၁၅.၁.၂၀၂၁) ရက်နေ့ မွန်းလွဲ (၁:၁၅) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ Covid-19 ကာလအတွင်း တရားရုံးများ ရုံးထိုင်စစ်ဆေးရေးကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တရားစီရင်ရာတွင် အထောက်အကူ ဖြစ်စေရန် တရားစီရင်ရေးဆိုင်ရာသင်တန်းကို Zoom Platform ဖြင့် ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားသူကြီးချုပ် ဦးမျိုးမောင်၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်ချယ်ရီကြည်နှင့် ဦးဖြိုးဖြိုး၊ စစ်ကိုင်းတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးဇော်ထူး၊ တိုင်းဒေသကြီးတရားလွှတ်တော်ရှိ တရားရေးအရာရှိများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ Zoom Platform ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားသူကြီးချုပ် ဦးမျိုးမောင်က Covid-19 ကာလအတွင်း တရားရုံးများ ရုံးထိုင်စစ်ဆေးရေးကိစ္စနှင့်စပ်လျဉ်း၍ လမ်းညွှန်ပြောကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူးက မှုခင်းများစစ်ဆေးစီရင်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် Covid-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးတရားသူကြီးချုပ်မှ တရားစီရင်ရာတွင် အထောက်အကူဖြစ်စေရန် တရားစီရင်ရေးဆိုင်ရာသင်တန်းကို သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသား ၊ သင်တန်းသူ (၅၆) ဦး တက်ရောက်ကြပြီး သင်ကြားပို့ချသည့် သင်ခန်းစာများအပေါ် မေးမြန်းတင်ပြချက်များကို စစ်ကိုင်းတိုင်းဒေသကြီးတရားသူကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။