သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၃၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မုံရွာ ဖေဖော်ဝါရီ  ၁၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ၅-၂-၂၀၂၆ ရက်နေ့မှ ၆-၂-၂၀၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၃၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ၁၀-၂-၂၀၂၆ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၃၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး Online ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးတို့ကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိရာ တရားရုံးများအနေဖြင့် တရားစီရင်ရာတွင် ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ပြဌာန်းပြီးဖြစ်၍ ယင်းဥပဒေပါ ပြဌာန်းချက် များနှင့်အညီ တရားရုံးများလိုက်နာစစ်ဆေးစီရင်ကြရန်လိုကြောင်း၊ သက်သေခံပစ္စည်းများ စီမံ ခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာသိမ်းသက်သေခံယာဉ်များကို သတ်မှတ်အချိန်ကာလအတွင်း အပ်နှံ ကြရန်နှင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အကောင်အထည်ဖော်‌ဆောင်ရွက်ရာတွင် ကောင်းမွန်သည့်ရလဒ် ပိုမို ထွက်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် စေ့စပ်ဖြေရှင်းရေးနှင့်ပတ်သက်ပြီး အသိပညာပေးမှု Raising Awareness များကိုလည်း ဆက်လက်လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ လူမွဲခံယူခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်းသည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာ သဘောတူညီချက်စာချုပ်များကို ကျွမ်းကျင်အောင် ဖတ်ရှုလေ့လာဆောင်ရွက်ကြရန်လိုကြောင်း၊ ပြောင်းလဲတိုးတက်လာသည့် နည်းပညာများကို လေ့လာသိရှိနားလည်ထားရန်လိုကြောင်း၊ တရားရုံးများလက်စွဲအပိုဒ် ၉၉၇ အရ တရားရုံးများ စစ်ဆေးခြင်းကို မပျက်မကွက် ပုံမှန်စစ်ဆေးကြရန်နှင့် ရှောင်တခင်စစ်ဆေးခြင်းကိုလည်း အခါ အားလျော်စွာ စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်း၊ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း  (၂၀၂၃-၂၀၂၇) ၏ စတုတ္ထနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၆)တွင် ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီး ထိမ်းမြားလက်ထပ်ပေးသည့် ကိစ္စများတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားမှု တရားဝင်ဖြစ်စေရေး အလွယ်တကူ လက်ထပ်ထိမ်းမြားပေးခြင်းဖြင့် မလိုလားအပ်သော လူကုန်ကူးမှု ကဲ့သို့ ဥပဒေပြဿနာများ ပေါ်လာနိုင်သည့် အခြေအနေများကို ကြိုတင်ကာကွယ်ရန်အတွက် ထိမ်းမြားလက်ထပ်ရာတွင် လိုအပ်သည့် အချက်အလက်များကို ပြည့်စုံမှု ရှိ၊ မရှိ သေချာစွာစိစစ်ပြီး ဆောင်ရွက်ကြရန်နှင့် ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေအရ ဝိနည်းနှင့်အညီ ထိမ်းမြား လက်ထပ်ရာတွင်လည်း ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အမှုပြီးပြတ်နှုန်း ၁၀၃% ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တရားရုံးအဆင့်ဆင့်တို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ (၁) ရက်နေ့မှ ဒီဇင်ဘာ လ (၃၁) ရက်နေ့အထိ ရာဇဝတ်အမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် (၁၂၇၅)မှု၊ လက်ခံရရှိမှု (၆၉၀၇)မှုဖြစ်ပြီး (၇၄၀၂)မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ (၇၈၀)မှု ရှိ၍ ပြီးပြတ်မှုရာခိုင်နှုန်းမှာ (၁၀၇%)ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ တရားမအမှုစုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် (၈၅၁)မှု၊ လက်ခံရရှိမှု (၆၃၇) မှုဖြစ်ပြီး (၁၀၀၁)မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ (၄၈၇)မှု ရှိ၍ ပြီးပြတ်မှု ရာခိုင်နှုန်းမှာ (၁၅၇%) ဖြစ်ကြောင်း၊ ဆက်လက်ထိန်းသိမ်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်စုစုဝင်း၊ ဦးဟန်သိန်းနှင့်       ဒေါ်မိမိစိန်တို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို အသီးသီး လမ်းညွှန်မှာကြား ခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်သဇင်စိုးက အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်    ညွှန်ကြားရေးမှူးချုပ်များ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ် တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် တရားရေးအရာရှိများ (၃၂)ဦး နှင့် ဗီဒီယိုကွန်ဖရင့်   စနစ်ဖြင့် တက်ရောက်သော တရားရေးအရာရှိ (၃၅)ဦး၊ စုစုပေါင်း (၆၇)ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ