မုံရွာမြို့၊ ဒီဇင်ဘာလ ၂၁ ရက်
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တရားရေးအရာရှိများနှင့် အမှုထမ်းများအား အမှုများကိုမြန်မြန်ပြီးပြတ်စေရန်၊ အမှုသည်များကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်၊ အငြင်းပွားမှုများကို အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ဖြေရှင်းနိုင်စေရန်၊ ပြည်သူတို့ စိတ်ကျေနပ်မှုမြင့်မားလာစေနိုင်ရန်၊ တရားစီရင်ရေးအပေါ် ပြည်သူတို့ယုံကြည်အားကိုးမှု တိုးမြှင့် လာစေနိုင်ရန်၊ တရားမမှုခင်းလက်ကျန် လျော့နည်းကျဆင်းစေရန်နှင့် လုပ်ငန်းကျွမ်းကျင်စေရန် ရည်ရွယ်လျက် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အခမ်းအနားကို ၂၁-၁၂-၂၀၂၃ ရက်နေ့၊ နေ့လည်(၁)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးတရားရေးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့မှ တရားသူကြီးများ၊ တရားရေးအရာရှိ (၅၉)ဦးနှင့် အမှုထမ်း (၆၃)ဦး သင်တန်းသို့တက်ရောက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး သင်တန်းကို နေ့လည်(၂:၃၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။