သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ ၂၅ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Post Image

မုံရွာ  ဩဂုတ် လ ၃၀ ရက်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ၂၄.၈.၂၀၂၃ မှ ၂၅.၈.၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို  (၃၀.၈.၂၀၂၃) ရက်နေ့ နံနက် (၉း၀၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်တရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း မှာကြားခဲ့ပါသည်။  

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ပြည်ထောင်စုတရားသူကြီးချုပ်က တရားရုံးများသည် တရားစီရင်ရေးဖြောင့်မတ်မှန်ကန်ရေး၊ တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် အဓိကတာဝန်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန်စီရင်ဆုံးဖြတ်ရေး၊ တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေးစသည့် အဓိကလုပ်ငန်းတာဝန်များကို အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်အပေါ် ဌာနနှင့်ဆက်စပ်ပတ်သက်သည့် လုပ်ငန်းတာဝန်များကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးကို အမှုသည်များကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်ပြီး အမှုများပြီးပြတ်ရေး အထောက်အကူဖြစ်စေတဲ့အတွက် စေ့စပ်ဖြေရှင်းရေးစနစ် အောင်မြင်စွာအကောင်အထည်ဖော်ရေးကို အားလုံးကကြိုးစားဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရစစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းထားပြီးဖြစ်သည့်အပြင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရစွဲဆိုမှုများ စစ်ဆေးစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ထုတ်ပြန်ထားပြီးဖြစ်၍ လိုက်နာဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးနေသည့်အမှုများကိုလည်း ကြန့်ကြာမှု မရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကိုလည်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ လုပ်ရည်ကိုင်ရည် အရည်အသွေးမြင့်မားရေး၊ အဂတိလိုက်စားမှုကင်းရှင်းရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စိတ်ဓာတ်မြင့်မားရေးတို့အတွက်လည်း ကြပ်မတ် လမ်းညွှန်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားစီရင်ရေး ငါးနှစ်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ ပထမနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၃) အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းဖြင့် ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ မိမိတို့ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုမှုနေထိုင်ရေး၊ လုပ်ငန်းတာဝန်ကျေပွန်မှုရှိရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ လုပ်ရည် ကိုင်ရည်ဆိုင်ရာ အရည်အသွေးမြင့်မားရေး၊ အဂတိလိုက်စားမှုကင်းရှင်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနဲ့ စိတ်ဓာတ်မြင့်မားရေးတို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်လမ်းညွှန် ဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများက မိမိလုပ်ငန်းအပေါ် ဂုဏ်ယူလိုစိတ်ရှိပြီး တစ်ဦးချင်း၏ ဂုဏ်သိက္ခာ၊ တရားရုံး၏ ဂုဏ်သိက္ခာ၊ တရားရေးအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ထိန်းသိမ်း သွားနိုင်မှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာ စောင့်ထိန်းရမည့် စာရွက်၊ စာတမ်း၊ လုံခြုံရေးကျိုးပေါက်မှုများ ဖြစ်ပွားမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ တာဝန်ကျေပွန်မှုသာမက ဌာနအတွင်း အထက်အောက် ရိုသေလေးစားမှု၊ စည်းလုံးညီညွတ်မှုရှိစေရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

          ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်စုစုဝင်း နှင့် ဦးဟန်သိန်းတို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို အသီးသီးလမ်းညွှန် မှာကြားခဲ့ပါသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က (၂၅) ကြိမ် မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၏ မှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်တရားသူကြီးများက တင်ပြရန်ရှိသည်များကို အသီးသီးတင်ပြခဲ့ကြပါသည်။ တင်ပြချက်များအပေါ် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ