သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူခရိုင်နှင့် မြို့နယ်တရားရုံးအဆောက်အဦအသစ် ဖွင့်လှစ်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်ခြင်း
Post Image

မုံရွာမြို့    မတ်လ ၃၁ ရက်

          ကန့်ဘလူခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အဦအသစ်ဖွင့်ပွဲအခမ်းအနားကို ၃၁-၃-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူခရိုင်နှင့် မြို့နယ်တရားရုံးအဆောက်အဦနေရာ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်ပြီးဖွင့်လှစ်ခဲ့သည်။

          အခမ်းအနားသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် ကန့်ဘလူ ခရိုင်တရားသူကြီးတို့က အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ကန့်ဘလူခရိုင်နှင့် မြို့နယ်တရားရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်များ သည် ကန့်ဘလူခရိုင်နှင့် မြို့နယ်တရားရုံးအဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုကြသည်။

     

     ဆက်လက်၍ ကန့်ဘလူခရိုင်နှင့် မြို့နယ်တရားရုံး အစည်းအဝေးခန်းမအတွင်း၌ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ပြုလုပ်ရာ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က အဆောက်အဦနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး  ရုံးအဆောက်အဦသစ်နှင့် ပတ်သက် သည့် Vedio Clip ဖြင့် ရှင်းလင်းတင်ပြသည်။ 

ယင်းနောက်  ရွှေပင်အောင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆောက်အဦ နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို တိုင်းဒေသကြီးတရားရေးဦးစီးမှူးထံ လွှဲပြောင်းပေးအပ်သည်။ အဆောက်အဦသစ်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် အဆောက်အဦပုံစံပါ အမှတ်တရပစ္စည်းအား တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဧည့်သည်တော်များအား ပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ကန့်ဘလူခရိုင်နှင့် မြို့နယ်တရားရုံးအဆောက်အဦသစ်မှာ (၁၉၄ ပေ x ၇၄ ပေ) RCC (၂)ထပ် ငလျင်ဒဏ်ခံ ခေတ်မီဒီဇိုင်းအဆောက်အဦဖြစ်ပြီး ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်၊ တက္ကသိုလ် လမ်းမပေါ်ရှိ (၂)ဧကခန့်ကျယ်သည့် မြေပေါ်တွင် တည်ဆောက်ထားပါသည်။ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ခွင့်ပြုငွေ (၁၇၄၅.၈၀၀)သန်း ဖြင့် တင်ဒါအောင်မြင်သည့် ရွှေပင်အောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ