မုံရွာ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အဦ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ကန့်ဘလူမြို့နယ်၊ တက္ကသိုလ်လမ်းမကြီးပေါ်ရှိ အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးမောင် နှင့် ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်လှ နှင့် ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးဇော်ထူး နှင့် ဇနီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးမောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှ၊ စစ်ကိုင်းတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးဇော်ထူး၊ ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်၊ ကန့်ဘလူခရိုင်တရားသူကြီး ဒေါ်မိမိခိုင်တို့က သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကာ ပန္နက်တော်တင်ပြီး အမွှေးနံ့သာများပက်ဖျန်း ပေးကြသည်။






ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးမောင်က ပန္နက်တော်တင် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ထုံးတမ်းအစဉ်အလာအတိုင်း ဆောင်ရွက် ပေးပြီး ရတနာ ရွှေမိုးငွေမိုး ရွာသွန်းပေးခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်သည် တာဝန်ရှိသူများ နှင့်အတူ အဆောက်အဦ ဆောက်လုပ်မည့် ပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ ဆောက်အဦကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၂၀၁၈-၂၀၂၂ (၅)နှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၊ စတုတ္ထနှစ် လုပ်ငန်းစဉ် (၂၀၂၁)၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၁)၊ မဟာဗျူဟာ ရည်မှန်းချက် ၁.၄၊ မဟာဗျူဟာ အစီအစဉ် ၁.၄.၁ နှင့်အညီ စီမံကိန်းချမှတ်၍ ဦးစားပေးအဆင့်(၁)အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းအဆောက်အဦမှာ အလျား (၁၉၄)ပေ၊ အနံ(၇၄)ပေရှိ RC(၂)ထပ် အဆောက်အဦဖြစ်ပြီး ရွှေပင်အောင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပါသည်။


